Tuesday, December 16, 2008

ခွေဝယ်တဲ့အခါ
ဗီဒီယိုလုပ်ငန်းတွေမှာ တခြားလုပ်ငန်းတွေနဲ့ မတူတာက ခွေဝယ်ယူရေး ကိစ္စပါပဲ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ဗီဒီယိုထုတ်လုပ်သူ လုပ်ငန်းရှင်များ ပါဝင်ဖွဲ့စည်းထားတဲ့ ဗီဒီယိုအခြေခံအဖွဲ့ရဲ့ သတ်မှတ်ချက်တွေ အတိုင်း ခွေငှားဆိုင်တွေက ဝယ်ယူကြရတာပါ။ ဆိုင်စဖွင့်တဲ့နေ့ကစပြီး ခွေစပြီးဝယ်ယူရပါပြီ။ တစ်ပတ်ကို မြန်မာဇာတ်ကား အနည်းဆုံးသုံးကား အထက် ဝယ်ယူကြရပါတယ်။ တစ်ပတ်အတွင်းမှာ ဇာတ်ကားပေါင်း ၂ဝခန့်ထွက် ရှိပါတယ်။ ဆိုင်ကြီးတွေကတော့ တစ်ပတ်ကို အနည်းဆုံး ဇာတ်ကား ၅ကားကနေ ၇ကားထိ ဝယ်ယူ တတ်ကြပါတယ်။ ခွေငှားဆိုင်လုပ်ငန်းရှင်တစ်ဦးကတော့ "မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ ဗီဒီယိုအခြေခံအဖွဲ့ကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း တစ်ပတ်အတွင်းထွက်ရှိမယ့် ဇာတ်ကား စာရင်းထွက်တယ်၊ အဲဒီ ဇာတ်ကားစာရင်းပါတဲ့ စာရွက်လေးကို 'ရက်ချိတ်' လို့ ခေါ်ကြတာပါ။ အဲဒီ ရက်ချိတ်ထဲကအတိုင်း ဝယ်ရတာပေါ့ဗျာ။ ဈေးနှုန်းဆိုရာမှာ RC ကြေးနဲ့ ခွေတန်ဖိုးပေါ့။ RC ကြေးဆိုတာ ဇာတ်ကားရဲ့ မှတ်ပုံတင်ကြေးပေါ့။ RC ကြေးက တစ်ကားနဲ့တစ်ကားမတူဘူး ဗျာ့။ မင်းသားပေါ်မှာမူတည်ပြီးတော့ ဈေးကွာသွားတာ၊ ဥပမာ-ဒွေးဆိုရင် RC ကြေးက ၄၁ဝဝိ၊ ဇာတ်ကားအတွက် ဗီစီဒီ(နှစ်ချပ်) တစ်ခွေဖိုးက ၈ဝဝိဆိုတော့ RC ကြေး+ ခွေဖိုးပေါ့ဗျာ။ အဲဒီလိုဆိုတော့ စုစုပေါင်း ၄၉ဝဝိပေါ့ဗျာ။ လွင်မိုးဆိုရင် RC ကြေးက ၃၅ဝဝိပေါ့။ မင်းမော်ကွန်းဆိုရင် RCကြေး က ၃၈ဝဝိပေါ့...အဲဒီလိုပေါ့။ မင်းသား တွေပေါ်မှာမူတည်ပြီး RCကြေးကွာသွား ကြတာ။ နယ်ကြိုက်မင်းသားတွေဆိုရင် RC ကြေးက ၅ဝဝိလောက်ပဲရှိတယ်။ အများဆုံး RC ကြေးက ၄၁ဝဝိပါပဲ၊ အနည်းဆုံး RC ကြေးက ၅ဝဝိပေါ့။ စီဒီ ကတော့ ဇာတ်ကားတစ်ကားကို ၈ဝဝိနဲ့ ဝယ်ရတယ်။ ကျွန်တော်တို့ ဆိုင်ကတော့ တစ်ပတ်ကို မြန်မာဇာတ်ကား ၅ကားဝယ်တယ်။ တစ်နေ့ ဝင်ငွေဆိုရင် တစ်သောင်းဝန်းကျင် ရှိပါတယ်၊ ပျမ်းမျှပေါ့နော်၊ ကျော်တဲ့နေ့တွေလည်း ရှိပါတယ်။ ပိတ်ရက်တွေ ဆိုရင် ပိုငှားရတယ်။ ၅ဝဝဝိလောက်နဲ့ ဝယ်ရတဲ့အခွေကို ငှားခက ၂ဝဝိပဲ။ အရင်း ကျေတဲ့ကားလည်း ကျေတယ်၊ မကျေတဲ့ ကားလည်း မကျေဘူးဗျာ" လို့ ပြောပြခဲ့ပါ တယ်။
နေရာ
လူနေအိမ်စိပ်တဲ့နေရာက အဆင်ပြေဆုံးလို့ ပြောကြပါတယ်။ ဗီဒီယိုဇာတ်ကားတွေကို ငှားကြည့်လေ့ရှိတဲ့ လူလတ်တန်းစားတွေ အများဆုံးနေထိုင်တတ်ကြတဲ့ နေရာမျိုးမှာ ဖွင့်သင့်တယ်လို့ ဆိုပါတယ်။ ဆိုင်အကျယ်အဝန်းအနေနဲ့ကလည်း သိပ်မလိုပါဘူး။ ကိုယ်လိုချင်တဲ့အတိုင်း အတာကို ချုံ့နိုင်ချဲ့နိုင်တဲ့သဘော ရှိပါတယ်။ ခွေဆိုင်တစ်ဆိုင်နဲ့ တစ်ဆိုင် သိပ်နီးလွန်းတယ်ဆိုရင်တော့ ဖွင့်ဖို့စဉ်းစားသင့်တယ်လို့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ အိမ်ခြေ ၁ဝဝလောက်မှာ ခွေဆိုင်သုံးဆိုင်လောက် ဖြစ်နေတယ်ဆိုရင် ဘယ်သူမှ စီးပွားမဖြစ်နိုင်ပါဘူး။

No comments: