Tuesday, December 16, 2008

"ကိုယ်ပေးလိုက်တဲ့ဆေးက လူတွေအပေါ်မှာ အကျိုးသက်ရောက်သွားတယ်၊ ကောင်းသွားတယ်ဆိုရင် အဲဒါလေးကို ပီတိဖြစ်တယ်လေ။ ဝမ်းသာတယ်။ ကြည်နူးမိတယ်ပေါ့"
အဲဒါကတော့ ဆေးရောင်းနေတဲ့ သူ့ရဲ့ခံစားမှုပါ။ တကယ်တော့ သူဟာ သင်္ဘောသားတစ်ယောက် ဖြစ်ခဲ့ဖူးသူပါ။အထက်တန်းအောင်ပြီးကတည်းက သင်္ဘောလိုက်သွားခဲ့တာပါ။ တစ်နှစ်၊ တစ်နှစ်ခွဲကြာလိုက် ခဏပြန်နားနေလိုက်၊ မကြာခင် ပြန်လိုက်သွားနဲ့ သင်္ဘော သုံးကြိမ်လိုက်ပြီးတဲ့အခါမှာတော့ သူက ဆုံးဖြတ်ချက်တစ်ခုကို ရဲရဲဝံ့ဝံ့ ချလိုက်ပြီးပါပြီ။ ဒီတစ်ခေါက်နောက်ဆုံးပဲ၊ အိမ်ကို လွမ်းတဲ့ ဒဏ်ကို မခံနိုင်ဘူးတဲ့။ သင်္ကြန်လို၊ သီတင်းကျွတ်လို အခါကြီးရက်ကြီးတွေမှာ ဆိုရင် အိမ်ကို ပြန်လာချင်လွန်းလို့၊ မြန်မာပြည်ကို လွမ်းလွန်းလို့တဲ့။ အိမ်နဲ့အကြာကြီး မခွဲနိုင်ဘူးလို့ သူက ဆိုပါတယ်။
ဒါနဲ့ သူလုပ်ချင်တဲ့ ဆေးဆိုင်ဖွင့်မယ်ဆိုတာ စဉ်းစား ဆုံးဖြတ်ခဲ့ပြီးသားပါ။ သင်္ဘောပေါ်မှာတုန်းကလည်း သူက ဆေးမှူးတာဝန်ကို ယူခဲ့ရသူပါ။ ဆေးဝါးတွေနဲ့ သူဟာ စိမ်းမနေပါဘူး။ စိမ်းမနေတဲ့အပြင် ဝါသနာအလျောက် လေ့လာ ထားတာတွေလည်း ရှိတော့ သူနဲ့အဆင်အပြေဆုံးပါပဲလို့ သူက ဆိုပါတယ်။
သင်္ဘောသားတချို့၊ ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သူတချို့ဟာ အိမ်ပြန်ပြီး ဘာပြန်လုပ်ရမှာလဲ၊ ဒီမှာ ဘာစီးပွားရေး လုပ်လို့ကောင်းနိုင်မလဲဆိုတာကို တွေဝေတွန့်ဆုတ်တတ်ကြစမြဲပါ။ သူကတော့ သူလုပ်ချင်ရာကို လုပ်ဖို့အတွက် သတ္တိကောင်းသူပါပဲ။ ဆေးဝါး အရောင်းဆိုင်လေးတစ်ဆိုင်ကို မဟာ ဗန္ဓုလလမ်းမကြီးနဲ့ လမ်း၎ဝထောင့်၊ အမှတ် (၃၃၇)မှာ ဖွင့်လိုက်ပါတယ်။ "မိဘမေတ္တာ" လို့လည်း အမည်တပ်ထားလိုက်ပါသေးတယ်။
တကယ်တော့ ဆေးဆိုင်ဖွင့်ချင်တယ်ဆိုရင် မခက်ခဲလှပါဘူး။ ငွေကြေး ရင်းနှီးမြှုပ်နှံမှုမှာလည်း သူ့အတိုင်းအတာနဲ့ သူရှိပေမယ့် ကိုယ်တတ်နိုင်သလောက်နဲ့ စဖွင့်လို့ရနိုင်တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ဥပမာ-ဆင်ခြေဖုံးရပ်ကွက်လေးထဲမှာ ဖွင့်မယ်ဆိုရင် ဆိုင်ခန်းခမပါ ငွေသုံးသိန်းလောက်နဲ့ စလို့ဖြစ်ပါတယ်။ သင့်တင့်တဲ့ မြို့နယ်တစ်ခုရဲ့ လမ်းမတန်းဘက်မှာ ဖွင့်မယ်ဆိုရင်တော့ ဆိုင်ခန်းခ မပါ ခုနစ်သိန်း၊ ရှစ်သိန်းလောက်နဲ့ အလုပ် စနိုင်ပါတယ်။ အကယ်၍များ မြို့လယ်ခေါင်မှာ ဖွင့်ချင်တယ်ဆိုရင်တော့ ဆိုင်ခန်းခမပါ သိန်းနှစ်ဆယ်လောက်တော့ ရင်းကြရမှာပါ။ ဒီထက်ပိုပြီး တတ်နိုင်တယ်ဆိုရင်တော့ ရင်းချင်သလောက်နဲ့ ရင်းနှီးမြှုပ်နှံထားလို့ ရပါတယ်။ လိုအပ်တာက သင်ကိုယ်တိုင် ဆေးဝါးနဲ့ပတ်သက်တဲ့ ဗဟုသုတ၊ ကျွမ်းကျင်မှုကို ဖော်ပြတဲ့ လက်မှတ်တစ်ခုခု ရှိဖို့ပါပဲ။
အသက် ၁၈နှစ်ပြည့်ပြီးသူ၊ ဘွဲ့ရ သို့မဟုတ် အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူ၊ ဆေးပညာနှင့်ပတ်သက်ပြီး အစိုးရ အသိအမှတ်ပြု လက်မှတ်ရထားပြီးသူ ဖြစ်ပြီဆိုရင်တော့ သင်လည်း ကိုသိန်းနိုင်လို ဆေးဆိုင်ဖွင့် နိုင်ပါပြီ။

No comments: