Tuesday, December 16, 2008

စဉ်းစားတဲ့အခါ
ခွေငှားဆိုင်ဖွင့်ဖို့ စဉ်းစားမယ်ဆိုရင်တော့ ခွေပျောက်တဲ့ကိစ္စ၊ ခွေပျက်စီးတဲ့ကိစ္စ စတာတွေကို စဉ်းစားဖို့လိုသလို၊ ပေါင်းသင်းဆက်ဆံရေးကလည်း အရေးကြီးလှပါတယ်။ ဆက်ဆံရေးလို့ဆိုရာမှာ ခွေငှားဆိုင်တစ်ဆိုင်အနေနဲ့ ဆိုင်ဝန်ထမ်း ထားမယ်ဆိုရင် ဝန်ထမ်းနဲ့ ဆိုင်ရှင်ဆက်ဆံရေး၊ ဝန်ထမ်းနဲ့ ခွေငှားသူ(customer)တွေရဲ့ ဆက်ဆံရေး စတာတွေကို အထူးဂရုစိုက်ဖို့ လိုတယ်လို့ သိရပါတယ်။ တချို့ ဆိုင်ရှင်တွေက ဆိုင်ကိုဝန်ထမ်း လက်ထဲအပ်ထားတာများရင် ဆိုင်ရဲ့တိုးတက်မှုနှုန်းဟာ မြင့်သင့်သလောက် မြင့်မလာနိုင်ပါဘူး။ တချို့ဝန်ထမ်းတွေက ခွေငှားသူတွေအပေါ်မှာ စိတ်မရှည်ကြဘူး၊ တစ်ခွေက နှစ်ခွေရှာခိုင်းတဲ့အခါ၊ ကြည့်ပြီးသား အခွေကို ပြန်လဲချင်တဲ့အခါ ငှားသူကို မချေမငံဆက်ဆံတာမျိုးတွေ ရှိတတ်ကြပါတယ်။ အဲဒီလိုဆက်ဆံရေးဟာ ဆိုင်ကိုထိခိုက်စေတယ်ဆိုတာကို လုပ်ငန်းရှင်တွေကတော့ သဘောပေါက်ကြပါတယ်။ လုပ်ငန်းရှင်တချို့ကတော့ ဆိုင်မှာဝန်ထမ်းထားတဲ့အပြင် ကိုယ်တိုင်ကိုယ်ကျလည်း ဦးစီးကြတာတွေ့ ရပါတယ်။ "ခွေလာငှားတဲ့သူတွေက ကိုယ့်ဆီကို ပိုက်ဆံလာပေးတဲ့ သူတွေပါလားဆိုတဲ့ စိတ်ကို ကျွန်မတင်မကဘူး၊ ဆိုင်ကဝန်ထမ်းတွေကိုပါ မွေးခိုင်းပါတယ်။ အမြဲတမ်း custo-merမှန်တယ်ဆိုတာကို နားလည်အောင် သူတို့တွေကို ပြောပြထားတယ်။ ကျွန်မ ကိုယ်တိုင်လည်း ခွေလာငှားတဲ့သူတွေ စိတ်ကျေနပ်အောင်၊ စိတ်ချမ်းသာအောင် အမြဲလုပ်ပေးတယ်၊ ကိုယ့်ဆိုင်ထဲကို ဝင်ပြီးတဲ့သူဟာ ဘာမှမငှားဘဲ ပြန်ထွက်သွားရင်၊ ဒါမှမဟုတ် ကိုယ့်ဖောက်သည် သူများဆိုင် ရောက်သွားရင် ကိုယ်ညံ့လို့ပါ" လို့ သီရိမေ ခွေငှားဆိုင်မှ ပြောပြခဲ့ပါတယ်။
ဗီဒီယိုအငှားဆိုင်တစ်ဆိုင်ကနေ တစ်နေ့တစ်နေ့ အနည်းဆုံးလူ၅ဝ၊ ၁ဝဝ ကို နာရီပိုင်းလေး ဖြစ်ဖြစ် စိတ်ကျေနပ်မှု ပေးနိုင်ရင် ဒီလုပ်ငန်းဟာ အောင်မြင်တာပဲဆိုတာကို သိခဲ့ရပါတယ်။ ခွေငှားဆိုင်တစ် ဆိုင်ဖွင့်မယ်ဆိုရင်တော့ ခွေဆိုင်သုံးလေးဆိုင်ကို အရင်မေးမြန်းလေ့လာပြီးမှ ဖွင့်ပါလို့ အကြံပြုလိုပါတယ်။

No comments: