Tuesday, December 16, 2008

အငှားဆိုင်လာမယ့်သူတွေ
အများဆုံးလာကြမှာကတော့ ကလေးတွေပါ။ ကာတွန်းစာအုပ်တွေကို များများတင်ဖို့လိုပါတယ်။ နောက်ရုပ်ပြစာအုပ်တွေကိုတော့ ဆယ်ကျော်သက်ကနေ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတွေ ဖတ်ကြတာ တွေ့ရပါတယ်။ အမျိုးသမီးအများစုဟာလည်း ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္ထု အစုံဖတ်ကြပါတယ်။ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ များများလာတဲ့အငှားဆိုင်ဆိုရင် မရှုံးနိုင်ဘူးလို့တောင် ဆိုကြပါတယ်။
အရင်းအနှီးနည်းပြီး ပုံမှန်ဝင်ငွေရှိတဲ့ လုပ်ငန်းတစ်ခုလို့ ဆိုကြပါတယ်။ စာအုပ်စာပေဖြစ်တဲ့အတွက် ကိုယ့်အတွက်လည်း အတွေးအမြင်၊ အသိပညာ တိုးပွားစေပါတယ်။ ၁၉၈ဝပြည့်နှစ်လောက်တုန်းက စာအုပ် အငှားဆိုင်လုပ်ငန်းတွေ အတော့်ကို တွင်ကျယ်လာခဲ့ပြီး ဗီဒီယိုအငှားဆိုင် လုပ်ငန်းတွေ တွင်ကျယ်လာတဲ့အခါ စာအုပ်အငှားဆိုင်လုပ်ငန်းတွေ ကျသွားတယ်လို့ သိရပါတယ်။ သို့ပေမယ့် လုံးဝ ပျောက်ကွယ်သွားတာတော့ မဟုတ်ပါဘူး၊ စာအုပ်အငှားဆိုင်လုပ်ငန်းနဲ့ မိသားစုထမင်းအိုးကို ထောက်ပံ့ထားနိုင်တဲ့သူတွေ အများကြီးပါ။ မြန်မာတစ်ပြည်လုံး အတိုင်းအတာနဲ့ပြောရရင် စာအုပ်အငှားဆိုင်လုပ်ငန်းတွေ ခုထက်ပိုပြီး တွင်ကျယ် ကျယ်ပြန့်သင့်သလို၊ အငှားဆိုင်တွေမှာလည်း သုတ၊ ရသစာအုပ်တွေအပြင် အတွေးအခေါ်ဆိုင်ရာ စာအုပ်တွေပါထားပြီး ငှားရမ်းသင့်ပါတယ်။ ဘာသာရေးစာအုပ်တွေ၊ စီးပွားရေးစာအုပ်တွေ၊ သုတစာအုပ်တွေ၊ တက်ကျမ်းတွေပါမကျန် စာအုပ်မှန်သမျှ အကုန်တင်မယ်ဆိုရင် လာငှားဖတ်မယ့်သူတွေကလည်း မနည်းလှပါဘူး။ အမှန်တကယ်တော့ စာအုပ်အငှားဆိုင်လုပ်ငန်းကို စာကြည့်တိုက်တစ်တိုက်လို ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် စီးပွားရေးအတွက်လည်း တွက်ချေကိုက်မှာဖြစ်သလို အများတကာတွေအတွက်လည်း အင်မတန်ကောင်းမွန်မှာ ဖြစ်ပါတယ်။

No comments: