Tuesday, December 16, 2008

အခြေခံလိုအပ်ချက်
ကွန်ပျူတာအနေနဲ့ စက်ပိုင်းဆိုင်ရာစိတ်ချရတယ်ဆိုရင်တော့ တစ်လုံးဆိုရင်လုံလောက်ပါတယ်။ တချို့ကလည်း စက်အသစ်တစ်လုံးနဲ့ အဟောင်းတစ်လုံး အနည်းဆုံးနှစ်လုံးလောက် ထားကြပါတယ်။ အစပိုင်းမှာတော့ စက်များများမလိုပေမယ့် နောက်ပိုင်း လုပ်ငန်းတွင်ကျယ်လာတဲ့အခါ စက်များများလိုအပ်လာနိုင်ပါတယ်။ မီးစက်လေးတစ်လုံးလောက်လည်း လိုတယ်ဆိုတာမမေ့ပါနဲ့၊ အင်ဗက်တာတစ်လုံး၊ မီးစက်တစ်လုံးတော့မ ဖြစ်မနေဝယ်ထားရပါလိမ့်မယ်။
မိတ္တူကူးစက်ကတော့ တစ်လုံးရှိရင်လုံလောက်ပါတယ်။ မိတ္တူကူးရာမှာ အရည်အသွေးကိုသတိထားပေးရင် အောင်မြင်တဲ့လုပ်ငန်းဖြစ်လာမှာပါ။
ကွန်ပျူတာစာစီစာရိုက်တဲ့လုပ်ငန်း လုပ်မယ်ဆိုရင်တော့ လုပ်ငန်းလုပ်မယ့်သူ၊ ၊ ငွေထုတ်ပြီးလုပ်တဲ့သူကိုယ်တိုင်က ကွန်ပျူတာရိုက်တတ်ဖို့လိုပါတယ်။ ကွန်ပျူတာနဲ့မိတ္တူကူးစက်အကြောင်း နားလည်ထားရင်ပိုကောင်းပါတယ်။ ဝန်ထမ်းအနေနဲ့ကတော့ ဝန်ထမ်းတစ်ဦးလောက် အနည်းဆုံးလိုအပ်ပါတယ်။ အဲဒီဝန်ထမ်းဟာလည်း ကွန်ပျူတာစာစီစာရိုက်ရော၊ မိတ္တူကူးခြင်းကိုပါ တတ်ကျွမ်းဖို့လိုအပ်ပါမယ်။ သင်ကိုယ်တိုင် ကွန်ပျူတာနဲ့မရင်းနှီးဘူး၊ စာစီစာရိုက်မတတ်ဘူးဆိုရင်တော့ ဒီလုပ်ငန်းကိုမလုပ်တာက အကောင်းဆုံးပါပဲ။ လုပ်ငန်းအစပိုင်းမှာကတည်းက ကိုယ့်ဝန်ထမ်းကိုပဲ မှီခိုအားကိုးနေရမယ်ဆိုရင် မကောင်းသလို၊ လုပ်ငန်းစတင်ခါစမှာ ဝန်ထမ်းစရိတ်ကစ အစစအရာရာချွေတာနိုင်ဖို့လိုပါတယ်။ ကွန်ပျူတာတစ်လုံး၊ မိတ္တူကူးစက်တစ်လုံး လူတစ်ယောက်နဲ့စတင်နိုင်တယ်လို့ လက်ရှိလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။ ဒီလုပ်ငန်းဟာ စတင်လုပ်ကိုင်ပြီး လူသိများလာမှသာ တွင်ကျယ်လာတဲ့သဘောရှိတဲ့အတွက် အနည်းဆုံး လေးငါးခြောက်လထိတော့ လုပ်ငန်းရဲ့ဝင်ငွေအပေါ်မှာ မှန်းဆလို့မရနိုင်သလို ကိုယ့်လုပ်ငန်းရဲ့အရည်အသွေးနဲ့ ဝန်ဆောင်မှုကောင်းကောင်း ပေးနိုင်တယ်ဆိုတာကိုပြသပြီး ဖောက်သည်ရှာရဦးမှာပါ။
နေရာ
အကောင်းဆုံးက မြင်သာထင်သာရှိတဲ့လမ်းမတန်းပါပဲ။ သို့ပေမယ့် လမ်းမတန်းတွေဟာ နေရာထိုင်ခင်းအတွက် ဈေးနှုန်းမြင့်မားလှပါတယ်။ လမ်းမတန်းမဟုတ်ဘဲနဲ့ ကိုယ့်မှာရှိတဲ့ငွေနဲ့ သင့်တင့်တဲ့နေရာလေးမှာ လူများများသိလာအောင် ဆောင်ရွက်လို့ရပါတယ်။
အရေးကြီးတာ
ဒီလုပ်ငန်းလုပ်ဆောင်နေသူ လုပ်ငန်းသက်၃နှစ်ရှိပြီဖြစ်တဲ့ လုပ်ငန်းရှင်တစ်ဦးကတော့ “ဒီလုပ်ငန်းမှာ အရေးကြီးဆုံးကတော့ ဖောက်သည်ပဲ။ ကိုယ့်ဆီမှာတစ်ခါလာတဲ့သူကို အကောင်းဆုံးဝန်ဆောင်မှုသာ ပေးလိုက်ပါ၊ နောက်တစ်ကြိမ် ပြန်ရောက်လာမှာပါ။ အဲဒီအခါမှာလည်း စိတ်တိုင်းကျသာ ဝန်ဆောင်မှုပေးပါ။ ကိုယ့်ဆီလာနေကျဖောက်သည်က အဆင်မပြေမှုတစ်ခုခုကြောင့် သူများဆီအရောက်မခံပါနဲ့၊ ကိုယ့်ဆိုင်ကို ဖောက်သည်တွေစွဲမြဲနေအောင် အမြဲကြိုးစားပါ။ ပြီးတော့ ဖောက်သည်သစ်တွေလည်း တိုးလာပါစေ။ ဒါဆိုရင် ၂နှစ်လောက်အတွင်းမှာ စက်ဖိုးတွေအကုန်ကျေပါတယ်။ ဝင်ငွေတကယ်ကောင်းလာပြီဆိုရင် တစ်နေ့ကို ဝင်ငွေနှစ်သောင်းအထက်မှာရှိပါတယ်” လို့ ဆိုပါတယ်။
တိုးချဲ့နိုင်တာ
လုပ်ငန်းတွင်ကျယ်မှုအရ တိုးချဲ့မယ် ဆိုရင် စာအုပ်ချုပ်စက်နဲ့ပလတ်စတစ် လောင်းစက်ကိုပါ ထပ်ဖြည့်လို့ ရပါတယ်။ တချို့ကလည်း စာရေးကိရိယာလေးတွေ ကိုပါထပ်ဖြည့်ပြီးတင်ကြပါတယ်၊ကိုယ်ချဲ့ နိုင်သလောက်ချဲ့လို့ ရတဲ့သဘောပါ။ လုပ်ငန်းဆောင်ရွက်မှုအပိုင်းမှာပြည့်စုံ အောင်ဖြည့်ဆည်းပေးနိုင်တယ်။ တစ်နေရာတည်းကနေအစုံရနိုင်တယ် ဆိုရင်အလုပ်အပ်တဲ့သူအနေနဲ့အချိန်ကုန် သက်သာ၊စိတ်မောသက်သာတဲ့အတွက် ဒီကိုပဲရောက်လာကြမှာပါ။ အဲဒီထဲကမှ ငွေကုန်ကျမှုပါ သက်သာမယ်ဆိုရင်တော့ အဲဒီလူဟာသင့်ရဲ့ရာသက်ပန်ဖောက် သည်ဖြစ်သွားနိုင်ပါတယ်။
အကြံပြုချက်
စိတ်ကူးထဲမှာ ဒီလုပ်ငန်းလေးရှိတယ်ဆိုရင် လေ့လာကြည့်ပါ။ မေးမြန်းကြည့်ပါ။ ပြီးရင်စွန့်စားကြည့်ပါ။

No comments: