Tuesday, December 16, 2008

စာအုပ်အဌားဆိုင်ဖွင့်ချင်ပါသလား

ငြိမ်းဆက်လင်း
စတင်ရင်းနှီးမြှုပ်နှံမှု
ငွေနှစ်သိန်းလောက်နဲ့ စတင်နိုင်တယ်လို့ သိရပါတယ်။ ဆိုင်ခန်းခပါ ပါဝင်မယ်ဆိုရင်တော့ ဆိုင်ခန်းခအတွက် သီးသန့်ထည့်တွက်ရမှာပါ။ စာအုပ်စင်တွေအတွက် ကုန်ကျစရိတ်ကလည်း ကိုယ်နိုင်ရင်နိုင်သလို ဆောင်ရွက်နိုင်တဲ့ အပိုင်းရှိပါတယ်။ တချို့ စာအုပ်အငှားဆိုင်လေးတွေမှာဆို စရိတ်စကနည်းတဲ့ ဝါးစင်လေးတွေကိုတောင် တွေ့မြင်ရပါတယ်။ စဖွင့်ဖွင့်ချင်း ဆိုင်ကြီးကြီးနဲ့ စာအုပ်တွေ စုံစုံလင်လင် တင်ချင်တယ်ဆိုရင်တော့ စာအုပ်ဖိုးတင် ငွေသုံးလေးသိန်းရင်းရုံနဲ့တင် လုံလောက်ပါတယ်။ တချို့ဆိုင်တွေမှာတော့ ငွေရှစ်သောင်းလောက်နဲ့ စတင်တာတွေလည်းရှိပါတယ်။ အဲဒီလို ငွေပင်ငွေရင်း အနည်းငယ်သာသုံးတဲ့ ဆိုင်တွေက စာအုပ်အသစ်တွေထက် တိုက်ကျတွေ၊ စာအုပ်အဟောင်းတွေကိုသာ ဝယ်ထားနိုင်တယ်လို့ သိရပါတယ်။
ဈေးကွက်ဝင်တဲ့စာအုပ်တွေ
စာအုပ်အငှားဆိုင်တွေကို မေးမြန်းကြည့်ရာမှာ အငှားရဆုံးက ကာတွန်းစာအုပ်နဲ့ မဂ္ဂဇင်းစာအုပ်တွေလို့ ဆိုကြပါတယ်။ ကာတွန်းနဲ့ ရုပ်ပြစာအုပ်တွေမှာလည်း ရုပ်ပုံလှလှပါတဲ့ စာအုပ်တွေက ငှားနေရပြီး စုစုပေါင်း အမျိုးလေးဆယ်ကျော်ရှိပါတယ်။ ဈေးနှုန်းတွေကလည်း ကျပ်၎ဝဝကနေ ကျပ်၁၅ဝဝတန်ထိ ရှိကြပါတယ်။ လက်ရှိ ငှားအားကောင်းနေတဲ့ ဆိုင်ကြီးတစ်ဆိုင်မှာတော့ လစဉ် ကာတွန်း၊ ရုပ်ပြအမျိုးပေါင်း သုံးဆယ်ကျော် ပုံမှန်ဝယ်ယူပြီး မဂ္ဂဇင်းကိုလည်း အမျိုးပေါင်း၂ဝလောက် ဝယ်တယ်လို့ဆိုပါတယ်။ ဒါ ... လစဉ် ဝယ်ယူရတာပါ။ ဈေးနှုန်းတွေကတော့ အနည်းဆုံး ကျပ်၈ဝဝကနေ အများဆုံး ကျပ်၁၅ဝဝထိရှိကြပါတယ်။ ဝတ္ထုမှာတော့ အရောင်းသွက်နေတဲ့ စာရေးဆရာ၁၅ဦးခန့်ရှိပြီး သူတို့ရဲ့ဝတ္ထုတွေကိုတော့ မဖြစ်မနေ ဝယ်တင်ရတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းတွေကလည်း ကျပ်၁ဝဝဝဝန်းကျင်ကနေ ကျပ်၁၅ဝဝကျော်ထိ ရှိတတ်ကြပါ တယ်။
စဝယ်ရမယ့်စာအုပ်တွေ
ဆိုင်စဖွင့်ပြီဆိုတာနဲ့ စာအုပ်တွေကို အသစ်တွေသာမက တိုက်ကျလို့ခေါ်တဲ့ လကျော်စာအုပ်တွေကိုပါ ဝယ်တင်ထားရင် စာအုပ်အင်အားများပြီး လာငှားတဲ့သူတွေအတွက်လည်း ရွေးစရာများစေပါတယ်။ လကျော်စာအုပ်တွေကို ၃၁လမ်းနဲ့ ၃၂လမ်း မှာရှိတဲ့ စာအုပ်အရောင်းဆိုင်တွေမှာ မေးဝယ်လို့ရပါတယ်။ အဲဒီစာအုပ်တန်းမှာ တိုက်ကျစာအုပ်တွေအပြင် စာအုပ်အဟောင်းတွေကိုပါ ဝယ်ယူလို့ရတယ်။ ငွေအလိုက်ထပ်ပေးပြီး ကိုယ့်ဆိုင်က စာအုပ်အဟောင်းနဲ့ အဲဒီအဟောင်းဆိုင်က အဟောင်းကို လဲလှယ်လို့ရတယ်လို့လည်း သိရပါတယ်။ စာအုပ်အဟောင်းတွေရဲ့ တန်ဖိုးကလည်း ရုပ်ပြကာတွန်းဆိုရင် တစ်အုပ်ကို ၁၅ဝကျပ်တန်ကနေ ၈ဝဝကျပ်တန်ထိ ရှိပါတယ်။ အသစ်အဟောင်းပေါ်မှာ မူတည်ပြီး ဈေးကွာသွားတာပါ။ ဝတ္ထုစာအုပ်တွေမှာလည်း အဟောင်းဆိုရင် အနည်းဆုံး ၂ဝဝကျပ်ကနေ ၈ဝဝကျပ်တန်ထိရှိပါတယ်။ မဂ္ဂဇင်းကတော့ လကျော်ပြီ၊ ဟောင်းပြီဆိုတာနဲ့ တစ်အုပ် ၁ဝဝကျပ်၊ ၂ဝဝကျပ်ဈေး ရှိကြပါတယ်။ စာအုပ်အငှားဆိုင်လုပ်ငန်း လုပ်မယ်ဆိုရင် ငွေပင်ငွေရင်း တတ်နိုင်တယ် ဆိုရင်လည်း စာအုပ်အဟောင်းဈေးကွက်ကိုတော့ မလေ့လာလို့မရပါဘူး၊။ ကိုယ့်ဆိုင်မှာမရှိသေးတဲ့၊ လူမေးများတဲ့ စာအုပ်တွေကို ပြန်ရှာဝယ်ပြီး တင်ကြရပါတယ်။

No comments: