Tuesday, December 16, 2008

လိုင်စင်ကိစ္စ
"ပြန်ကြားရေး ဝန်ကြီးဌာန၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေနှင့် ဗီဒီယိုလုပ်ငန်းဆိုင်ရာ နည်းဥပဒေများ" ဆိုတဲ့ စာအုပ်ထဲမှာ ဗီဒီယိုလုပ်ငန်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ
(၁)ဗီဒီယိုထုတ်လုပ်ခြင်း၊
(၂)ဗီဒီယိုရိုက် ကူးခြင်း၊
(၃)ဗီဒီယိုတည်းဖြတ်ခြင်း၊
(၄) ဗီဒီယိုကူးယူခြင်း၊
(၅)ဗီဒီယိုတိပ်ခွေဖြန့်ချိ ခြင်း၊
(၆)ဗီဒီယိုတိပ်ခွေငှားရမ်းခြင်း၊
(၇) ဗီဒီယိုပြသခြင်းဆိုတဲ့ လုပ်ငန်းတွေ ပါဝင်ပါတယ်။
အဲဒီလုပ်ငန်းတွေ လုပ်မယ်ဆိုရင် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဗီဒီယိုအခြေခံအဖွဲ့မှာ လိုင်စင်လျှောက်ထားပြီး၊ ခွင့်ပြုချက်ရမှ ဆောင်ရွက်ခွင့်ရမှာ ဖြစ်ပါတယ်။ ဆိုင်နေရာကို ရွေးချယ်ပြီးပြီဆိုမှ လိုင်စင်လျှောက်ထားလို့ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်နဲ့ဖွင့်မယ့် မြို့နယ်၊ နေရာနဲ့ ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ဆိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူစတဲ့ စာရွက်စာတမ်းတွေကို ယူပြီး ကိုယ့်မြို့နယ်မှာရှိတဲ့ ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ကော်မတီမှာ သွားရောက် ဆက်သွယ် ရပါမယ်။ အဲဒီက တစ်ဆင့် လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ ပူးတွဲပြီး၊ တိုင်းဗီဒီယိုလုပ်ငန်းကို ပေးပို့ကြမှာ ဖြစ်ပါတယ်။ ဝင်္ကဘာလမ်းမှာ ရှိတဲ့ရုပ်ရှင်အစည်းအရုံးမှာပဲ ရုံးခန်းဖွင့် ဆောင်ရွက်လျက် ရှိပါတယ်။
လျှောက်ထားသမျှကို ခွင့်ပြုကြတာများပါတယ်။ ဗီဒီယိုဇာတ်ကား ထုတ်လုပ်ရေးဈေးကွက်ဟာ ဗီဒီယိုအငှားဆိုင်လေးတွေပေါ်မှာ တည်မှီနေကြရတာ ဖြစ်ပါတယ်။ အငှားဆိုင်လေးတွေ များပြားလာလေ ဇာတ်ကား ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်း ဈေးကွက် ကျယ်ပြန့်လာ လေပါပဲ။ သည့်အတွက် လျှောက်ထားသမျှ လိုင်စင်အားလုံးလိုလို ခွင့်ပြုတာများ ပါတယ်။ လိုင်စင်မကျသေးခင်မှာ ဆိုင်အတွက် ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ကြရပါတယ်။ လိုင်စင်ဟာ အစောဆုံး နှစ်ပတ်အတွင်းကျတတ်ပြီး နောက်အကျဆုံး တစ်လကြာတတ်ပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ဗီဒီယိုအခြေခံအဖွဲ့ကနေ လိုင်စင်လျှောက်သူ ဆိုင်သစ်တွေကို ဗီဒီယိုဇာတ်ကားဟောင်းခွေ ၅ဝကို တစ်ခွေ နှစ်ထောင်ကျပ်နှုန်းနဲ့ ရောင်းပေးပါတယ်။ စုစုပေါင်းငွေ တစ်သိန်းပေးချေရမှာပါ။ ငွေပေးချေပြီးမှ ခွေ၅ဝ မယူလို့ရပေမယ့်၊ ငွေမချေဘဲနဲ့တော့ နေခွင့်မရှိပါဘူး၊ လိုင်စင်လျှောက်ထားသူ မှန်သမျှ ခွေဇာတ်ကားဟောင်း ၅ဝကို ငှားရမ်းရန်အတွက် ဝယ်ယူကြရပါတယ်။ ငွေတစ်သိန်းအပါအဝင်၊ စာရွက်စာတမ်းကြေးအပါအဝင် အထွေထွေ ကုန်ကျစရိတ်အနေနဲ့ စုစုပေါင်း ငွေတစ်သိန်းသုံးသောင်းကနေ တစ်သိန်းငါးသောင်းအထိ ကုန်ကျတတ်ပါတယ်။ ငွေပေးချေပြီးမှ လိုင်စင်ကျပြီး လက်ဝယ်လိုင်စင်ရောက်ပြီဆိုရင်တော့ ဆိုင်စဖွင့်လို့ရပါပြီ။
ဆိုင်အတွက် လိုအပ်တာတွေ
ဆိုင်အတွက်လိုအပ်တဲ့ အခွေစင်တွေ၊ ကြော်ငြာဘုတ်၊ Album တွေ၊ ဆိုင်တံဆိပ်တုံး၊ စတစ်ကာ၊ စားပွဲ၊ ကုလားထိုင်စတာတွေကိုတော့ ကိုယ့်အတိုင်းအတာနဲ့ ကိုယ်သုံးစွဲကြတာများ ပါတယ်။ ဆိုင်တစ်ဆိုင်ကတော့ ဆိုင်ခန်းငှားခမပါ ဆိုင်အတွက် လိုအပ်တာကစ ပြင်ဆင်စရိတ်ကို တစ်သိန်းသုံးစွဲတယ်လို့ ပြောပါတယ်။ နောက်တစ်ဆိုင်ကတော့ ခွေစင်ကြီးနှစ်စင်နဲ့ ဆိုင်ခန်းပြင်ဆင် စရိတ်မှာသုံးသိန်း ကုန်ကျခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ တစ်ဆိုင်လုံးမှန်ကာပြီး လေအေးပေးစက်နဲ့ ဆိုင်ကတော့ ဆိုင်ခန်းပြင်ဆင်စရိတ်ချည်းပဲ ဆယ်သိန်းဝန်းကျင် ရှိပါတယ်တဲ့။

No comments: