Tuesday, January 27, 2009

မြန်မာ့သနပ်ခါး

မြန်မာနိုင်ငံတွင် သနပ်ခါးသုံးလာသည့် အလေ့အထမှာ နှစ်ပေါင်း(၂,၀၀၀) ကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်ပြီး မြန်မာ့သီချင်း၊ ကဗျာ များတွင် ဖွဲ့ဆိုဖော်ပြခဲ့ကြသည်။ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား ပြတိုက်တွင် ပြသထားသည့် အဖိုးတန်ပစ္စည်းတခုမှာ ၁၅ ရာစု မှ ဘုရင့်နောင်၏ သမီးတော် ဓာတုကလျာ သနပ်ခါးသွေးသည့် ကျောက်ပြင် ဖြစ်သည်။

သနပ်ခါးပင်မှာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ တချို့နေရာများနှင့် ဟိမ၀န္တာတောင်တန်းတွင် ပေါက်ရောက်ပြီး အခေါက်မှ ထွက်လာသည့် အဖြူရောင်အနှစ်ကို အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် ရွှေဘိုနှင့် ပခုက္ကူ၊ ရှမ်းပြည်နယ်တို့မှ ထွက်သည့် သနပ်ခါးကို အထူးတန်ဖိုးထား သုံးစွဲကြသည်။

မြန်မာတို့က သနပ်ခါးကို အလှချယ်သရန်အဖြစ် သုံးကြသော်လည်း ဆေးဘက်အရလည်း အသုံးဝင်သည်။ အထူးသဖြင့် အရေပြားရောဂါများကို ကုသပျောက်ကင်းနိုင်သည်။ သနပ်ခါးအနှစ်က အရေပြားအပေါက်များကို သေးကျုံ့စေပြီး အဆီ ပြန်ခြင်းကိုလည်း ကာကွယ်ပေးသည်။ ထို့အပြင် အရေပြားတွန့်ခြင်းကို ကာကွယ်ပေးရုံမျှမက နေရောင်ခြည်မှ အန္တရာယ် ဖြစ်စေသည့် ဓာတ်ရောင်ခြည်များကိုလည်း ကာကွယ်ပေးနိုင်သည်။

သနပ်ခါးပင်မှ အသီးနှင့် အမြစ်များကိုလည်း အခြားအနာရောဂါများ ကုသရန်အတွက် ညွှန်းလေ့ရှိကြသည်။ အစာအူ လမ်းကြောင်းရောဂါများမှ အဆစ်အမြစ်ကိုက်ခဲသည့် ဝေဒနာများအထိ ပျောက်ကင်းစေသည်ဟု ဆိုကြသည်။

လက်ရှိ ကနော့သနပ်ခါး ကုမ္ပဏီ၏ တနှစ်ရောင်းချရသည့် ပစ္စည်းတန်ဖိုးမှာ ထိုင်းဘတ် ၂ သန်းမှ ၃ သန်းခန့် (အမေရိကန် ဒေါ်လာ ၄၃,၀၀၀ မှ ၆၅,၀၀၀ ခန့်) အထိရှိနေပြီး ကုမ္ပဏီက ဆက်လက်တိုးချဲ့ရန် အစီအစဉ်များလည်း ရှိနေသည်။

ယင်း ကုမ္ပဏီ၏ နိုင်ငံခြားကုန်ပစ္စည်းတင်ပို့ရေး အမှုဆောင်အရာရှိတဦးဖြစ်သူ ကွန်ဝေါင်း (Kwan Wong) က “သနပ်ခါးက မကြာခင်မှာ ဒီထက်ပိုကြီးတဲ့ ဈေးကွက်ရလာဖို့ မျှော်လင့်ထားပါတယ်” ဟု ဧရာဝတီ သို့ ပြောကြားသည်။

No comments: