Showing posts with label တရားတော်. Show all posts
Showing posts with label တရားတော်. Show all posts

Monday, February 2, 2009

ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်များ

ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်များ

ပစ္ပုပ္ပန်ကို အသုံးချတတ်စေ
“ယနေ့ လက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိ။ လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင်သုံးပါ”

အလွယ်ကြိုက်သူများသတိထား
“လောက၌ သတ္တ၀ါတို့သည် အရာရာ၌ပင် အလွယ်ကြိုက်တတ်၏။ ရွှေငွေစသော ရတနာတို့ကို သူသူငါငါ နေ့ရောညဥ့်ပါ ရရှိအောင် ကြံဆောင် အားထုတ်ကြသော်လည်း ကြံတိုင်းမရနိုင်။ ရရှိဖို့ရန် ခဲယဉ်းလှသည်ကို သိကြပါလျက် အချို့လူလိမ်များက ရွှေတစ်ကျပ်သားရှိလျှင် အလွယ်နှင့် နှစ်ကျပ်သား ဖြစ်စေမည် စသည်ဖြင့် အလွယ်လမ်းကို ၀ါကြွားလှည့်ဖြားပြောဆိုလိုက်လျှင် အလွန်တရာအားရ၍ ရှိသမျှ ရွှေတိုငွေစကလေးများကို လှည့်ဖြားယူဆောင်သွားသောအခါ ရွှေလိမ်ငွေလိမ် မိသည့်အတွက် များစွာ သောကရောက်ကြရ၏။ ထိုသို့ရောက်ရခြင်းမှာ အလွယ်ကြိုက်မိသောကြောင့် ဖြစ်သည်။ အလွန်တရာ ရခဲလှသည့် မဂ်ဖိုလ်တရားနှင့်စပ်၍လည်း အလွယ်ကြိုက်တတ်သူတို့အတွက် မြှိုက်တတ်လိမ်တတ်သည့် ဆရာများ ရှိတတ်ပေသည်”

မိမိကိုယ်ကို အားကိုးသူဟူသည်
“မိမိကိုယ်ကို အားကိုးပြုနေတတ်သူသည် အရာရာ၌ လွတ်လပ်သည်။ စိတ်ဓာတ်အားခိုင်၍ လောကဓံကို ခံနိုင်စွမ်းရည် ရှိသည်”

မိမိ သူတစ်ပါး နှစ်ဦးသားအတွက်
“ကလျာဏနွယ်ဝင် သူတောင်စင်အပေါင်းတို့-
မိမိတို့မှာ ရှေးကုသိုလ်တောက်ပ၍ လူအဖြစ်ကို ရရှိကြပြီးလျှင် ဘုရားသာသနာ ပွင့်လင်းရာအခါဖြစ်သည့် ဗုဒ္ဓပ္ပါဒန၀မ အခွင့်ကောင်းနှင့်လည်း ကြုံတောင့်ကြုံခဲ ကြုံတွေ့ကြရလေပြီ။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခို ဆိုသကဲ့သို့ သာသနာတော်၏ အရိပ်ကြီးက သစ်ရိပ်ဝါးရိပ်တို့ထက် အဆများစွာ မနှိုင်းသာအောင် သာယာအေးမြလှပါသည်။
ကမ္ဘာသူကမ္ဘာသား သတ္တ၀ါအများ၏ ခိုကိုးရာ အေးရိပ်သာကြီးဖြစ်သည့်အတိုင်း ထိုသာသနာအရိပ်ကြီး ပွားစီးအောင် ကိုယ်အားဉာဏ်အား အကြံဉာဏ်အားတို့ဖြင့် အားပေးဆောင်ရွက်ကြ၍ မိမိ သူတစ်ပါး နှစ်ဦးသား၏ အစီးအပွားကိုကျင့်သည့် ဥဘယပဋိပန္နပုဂ္ဂိုလ်များ ဖြစ်ကြပါကုန်လော့ဟူ၍ တိုက်တွန်း နှိုးဆော် ဥယျောဇဉ်စကား ပြောကြားအပ်ပါသည်။ ကလျာဏနွယ်ဝင် သူတော်စင်အပေါင်းတို့”

( မင်းနန် [မော်ကျွန်း] ရေးသားသည့် “ဆရာတော်ကြီးများ၏ သြ၀ါဒတော်များ” စာအုပ်မှ ပြန်လည်ကူးယူ ဖော်ပြ၍ ဓမ္မဒါနပြုပါသည် )